ဒီနေရာမှာ လူဖြစ်လာကြရာဝယ်(၁)
−−−−−−−−−−−−−−−−−−−−
နေ့စဉ်လူမှုဘဝတာမှာ ပရဟိတအကြောင်းတရားတွေ အမြဲတမ်းရှိပါတယ်။
ကျနော်တို့က ခံယူတတ်ဖို့ ဆောင်ရွက်ပေးတတ်ဖို့ ပဲလိုပါတယ်။ တရားရှာ ကိုယ်မှာတွေ့ဆိုတဲ့ သူတော်ကောင်း စကားအတိုင်းပါပဲ။ကျနော်တို့ မကြည့်လို့ မသိခဲ့တဲ့ လစ်ဟာမှုတွေ ဒုနဲ့ဒေးပါ။
ဥပမာ တယောက်ထဲ လမ်းဖြတ်ကူးနေတဲ့ အသက်ကြီးရွယ်အိုသည်လည်းကောင်း ကလေးငယ်သည်လည်းကောင်း ကိုယ်ဝန်သည်အမျိုးသမီးသည်လည်းကောင်း မိမိအကူအညီကို လိုအပ်နေကြတယ်ဆိုတာ ကျနော်တို့ သတိပြုသင့်ပါတယ်။ သင့်ဘေးမှာ ကုန်းအတက်ကို အားကုန်ထုတ်နင်းနေရတဲ့ ဆိုက်ကားဆရာတယောက်ရဲ့ ဆိုက်ကားကို ကူတွန်းပေးလိုက်တာဟာလည်း
လောကသူတော်ကောင်းတို့ နှစ်သက်တဲ့ အပြုအမူဖြစ်ပါလိမ့်မယ်။
ဒီဘာမှ မပြောပလောက်တဲ့ အားစိုက်မှုလေးတွေကြောင့် သင်လည်း စိတ်ချမ်းသာမှုကို ရပါလိမ့်မယ်။
တဦးကတဦးကို ကူညီခြင်းဟာ ကောင်းမွန်တဲ့ လုပ်ရပ်ဆိုတာ ကျနော်တို့ အားလုံးလက်ခံပြီးသား
ဖြစ်ပါလိမ့်မယ်။ သို့ပေမယ့် လက်တွေ့ ကျင့်သုံးမှုများမှာတော့ လွယ်လွယ်လေးရတဲ့ အခွင့်အရေးမို့
အရေးမစိုက်သလို ဖြစ်နေတတ်ကြပါတယ်။ အစကတော့ စိတ်ထဲမှာ ကူညီဖို့ သဘောပေါက်ပြီး
လက်တွေ့ လည်း ကူညီခဲ့ပေမယ့် အကြောင်းကြောင်းကြောင့် လက်တွေ့ မကူညီဖြစ်ပါများလာတဲ့ အခါ
စိတ်သွားတိုင်း ကိုယ်က မပါချင်တော့ဘဲ ပေကပ်ကပ်ဖြစ်သွားတတ်ကြပါတယ်။ စိတ်ကတော့
သနားပါရဲ့ ကိုယ်ချင်းစာပါရဲ့ ဆိုတဲ့ ဗမာလူမျိုးတို့ဗီဇအတိုင်း နှလုံးသားကြီးတတ်ကြပေမယ့်
ကိုယ်၏စောင်မခြင်း ပျက်ကွက်ပါများသွားတဲ့ အခါ နှုတ်၏စောင်မခြင်းလောက်နဲ့ပဲ စိတ်ညစ်ညူးစွာ
ကိုယ့်ကိုကိုယ် ဖြေဆည်သွားတတ်ကြပါတယ်။ ကိုယ်တိုင်ပါဝင်မှ အောင်မြင်မယ့် အရာမျိုးတွေမှာ ဒီလို
မသင့်တော်တဲ့ ရောင့်ရဲခြင်းမျိုးတွေ ကိုယ်စီကိုယ်ငှ လက်ခံလာကြပြီဆိုရင်တော့ အခက်ကြီးကြုံ
ရတက်မီးအုံတော့မှာပါပဲလေ။
ရှင်တော်မြတ်ဘုရားဟောကြားတော်မူခဲ့တဲ့ “ကုသိုလ် ပညာ စီးပွါးရဖို့ သင့်ရာဒေသ အမြဲနေ” ဆိုတဲ့ အဆုံးအမကို အကျယ်ဖြန့်ဆင်ခြင်ကြည့်ပါစို့။ ထို ၃ မျိုးထဲက အကျိုးတခုခုကို ဖြစ်စေ ၃မျိုးစလုံးကို ဖြစ်စေ ရယူပိုင်ဆိုင်ဖို့အတွက် မိမိနဲ့ သင့်တော်တဲ့ ဌာနေမှာ နေဖို့လိုအပ်ပါတယ်။ တပြည်လုံးပတ်ပြီး
ဒီနေရာကဖြင့် ငါနဲ့ မတော်သေးဘူး လို့ အဖျားအနားလောက် မြည်းကြည့်ပြီး ဇွဲလုံ့လ ကင်းမယ်ဆိုရင်
ပန်းတိုင်နဲ့တော့ ဝေးပြီးရင်းဝေး ကြုံရပါလိမ့်မယ်။ တခါတလေမှာ သင့်ရာဒေသဆိုတာဟာ ရွေးချယ်ဖို့
သတ်မှတ်ချက် တခုမဟုတ်တော့ဘဲ ကိုယ်တိုင်ဖန်တီးဖို့ လိုအပ်လာတဲ့ အခြေအနေတွေရှိပါတယ်။
အဓိကကျတဲ့ အချက်က အထက်ပါ ၃ ခု ကို ရယူဖို့ဆိုတာ ကျနော်တို့ ရေလိုက်မလွဲဖို့ သတိပြုရမှာ
ဖြစ်ပါတယ်။ ဒီနေရာဒေသမှာတော့ ငါလိုချင်တဲ့ ရလာဒ်ရဖို့ မလွယ်ဘူးဆိုပြီး ဆင်ခြေတွေ တောင်လိုပုံ
နေမယ်ဆိုရင် ပန်းတိုင်ရောက်ဖို့ ယုံကြည်ချက်လည်း တဖြည်းဖြည်း ဝေးဝါး လျော့ရဲလာပါလိမ့်မယ်။
ဒီတော့ သင့်ရာဒေသကို ရှာမတွေ့ခင်မှာ သင့်ရာ လုပ်ဆောင်ချက်တွေနဲ့ ပန်းတိုင်ဆီ
စိတ်နှစ်ရင်း ရောက်ရာဒေသကို သင့်ရာဒေသ အဖြစ် ကိုယ်တိုင် ပြောင်းလဲကြပါစို့။
ဒီလို လုပ်ဆောင်ရင်း ဆက်သွားနေသရွေ့ သိပ်မဝေးတော့တဲ့ ကာလတခုမှာ ကျနော်တို့အတွက် သင့်ရာဒေသကို ရှာဖွေတွေ့ရှိကြပါလိမ့်မယ်။ ထို ဒေသသည် ကျနော်တို့ ကိုယ်တိုင် ပြုပြင်ထားတဲ့
သင့်ရာဒေသ တဖြစ်လည်း ကျနော်တို့ရဲ့ ရောက်ရာဒေသလည်း ဖြစ်ကောင်းဖြစ်လာနိုင်ပါလိမ့်မယ်။
ဒါမှမဟုတ် မဆုတ်မနစ်သော ကျနော်တို့အားထုတ်မှုတွေကြောင့် ကျနော်တို့ မှာ ပိုကောင်းတဲ့ သင့်ရာဒေသကို မြင်တတ်တဲ့ဉာဏ် ၊ ရောက်အောင်သွားတတ်တဲ့ လုံ့လတို့ ဖြစ်တည်လာပါလိမ့်မယ်။
ထို အားထုတ်မှုအကျိုးဆက်တို့ကို အသုံးပြုပြီး သင့်ရာဒေသကို ရောက်ရှိနိုင်ပါတယ်။
ထို အချက်သုံးချက်ကို တခုချင်းစီ ဆန်းစစ်ကြည့်ကြပါဦးစို့။
ပထမဆုံးအချက်ဖြစ်တဲ့ ကုသိုလ် ဆိုတာ မြန်မာပြည်သားတွေအတွက် မစိမ်းတဲ့ စကားရပ်တခုဖြစ်ပါတယ်။ အပြစ်ကင်းပြီး ကောင်းသောအမှုကို ကုသိုလ်လို့ အကြမ်းဖျင်းအားဖြင့်
သတ်မှတ်ကြည့်ပါစို့။ ကုသိုလ် အမှုပေါင်းများစွာထဲက လက်ရှိမှာ အားလုံးကြုံကြိုက်နေတဲ့ အချက်တချက်ကိုပဲ ပြောပါမယ်။ တပါးသူကောင်းကျိုးကို ရှေးရှုပြီး အမှတ်တရားထိုက်စွာ ဆောင်ရွက်တဲ့ အကြောင်းအရာတို့သည်လည်း ကုသိုလ်ဖြစ်ပါတယ်။ ထိုကုသိုလ်ကို ကျနော်တို့
နောက်ဆုတ်တမ်း ပြုဖို့လိုအပ်နေပါပြီ။ အများအကျိုးအတွက် တတ်အားသမျှ တူညီညာ စုရုံးကြဖို့
မဖြစ်မနေလိုအပ်ပါတယ်။
ပုထုဇဥ်တွေနဲ့ ရဟန္တာ တွေမှာ ကုသိုလ်ပြုကြတဲ့အခါ
မဟာကုသိုလ်စိတ် များ ဖြစ်ပေါ်တတ်ကြပါတယ်။ မဟာကုသိုလ်စိတ်(၈) ပါးရှိပါတယ်။
၁. ဝမ်းမြောက်ရွှင်လန်းခြင်းနှင့်တကွဖြစ်သော ကံ−ကံ၏အကျိုးကိုသိသောဉာဏ်နှင့် ယှဉ်လျက် တိုက်တွန်းပြုပြင်မှုမပါဘဲ အလိုအလျောက်ဖြစ်သောစိတ်”
၂. ဝမ်းမြောက်ရွှင်လန်းခြင်းနှင့်တကွဖြစ်သော ကံ−ကံ၏အကျိုးကိုသိသောဉာဏ်နှင့် ယှဉ်လျက် တိုက်တွန်းပြုပြင်မှုကြောင့် ဖြစ်သောစိတ်”
၃. ဝမ်းမြောက်ရွှင်လန်းခြင်းနှင့်တကွဖြစ်သော ကံ−ကံ၏အကျိုးကိုသိသောဉာဏ်နှင့် မယှဉ်ဘဲ တိုက်တွန်းပြုပြင်မှုမပါဘဲ အလိုအလျောက်ဖြစ်သောစိတ်”
၄. ဝမ်းမြောက်ရွှင်လန်းခြင်းနှင့်တကွဖြစ်သော ကံ−ကံ၏အကျိုးကိုသိသောဉာဏ်နှင့် မယှဉ်ဘဲ တိုက်တွန်းပြုပြင်မှုကြောင့် ဖြစ်သောစိတ်”
၅. ဝမ်းမြောက်ဝမ်းနည်းခြင်းမဖြစ်ဘဲ ကံ−ကံ၏အကျိုးကိုသိသောဉာဏ်နှင့် ယှဉ်လျက် တိုက်တွန်းပြုပြင်မှုမပါဘဲ အလိုအလျောက်ဖြစ်သောစိတ်”
၆. ဝမ်းမြောက်ဝမ်းနည်းခြင်းမဖြစ်ဘဲ ကံ−ကံ၏အကျိုးကိုသိသောဉာဏ်နှင့် ယှဉ်လျက် တိုက်တွန်းပြုပြင်မှုကြောင့် ဖြစ်သောစိတ်”
၇. ဝမ်းမြောက်ဝမ်းနည်းခြင်းမဖြစ်ဘဲ ကံ−ကံ၏အကျိုးကိုသိသောဉာဏ်နှင့် မယှဉ်ဘဲ တိုက်တွန်းပြုပြင်မှုမပါဘဲ အလိုအလျောက်ဖြစ်သောစိတ်”
၈. ဝမ်းမြောက်ဝမ်းနည်းခြင်းမဖြစ်ဘဲ ကံ−ကံ၏အကျိုးကိုသိသောဉာဏ်နှင့် မယှဉ်ဘဲ တိုက်တွန်းပြုပြင်မှုကြောင့် ဖြစ်သောစိတ်”
ထိုအထဲမှာမှ ပထမဆုံးအချက် ကို ထင်ရှားပြလိုပါတယ်။
“ဝမ်းမြောက်ရွှင်လန်းခြင်းနှင့်တကွဖြစ်သော ကံ−ကံ၏အကျိုးကိုသိသောဉာဏ်နှင့် ယှဉ်လျက် တိုက်တွန်းပြုပြင်မှုမပါဘဲ အလိုအလျောက်ဖြစ်သောစိတ်” ဖြစ်ပါတယ်။
ထိုကုသိုလ်စိတ် မိမိမှာ ဖြစ်တည်လာဖို့ဆိုရင် ..
ကုသိုလ်ကို ဝမ်းမြောက်ရွှင်လန်းစွာပြုဖို့ လိုပါတယ်။
ကံ−ကံ၏အကျိုးကိုသိသောဉာဏ်ဖြင့် ယှဉ်ပြီး ပြုဖို့လိုပါတယ်။
မိမိကိုယ်မိမိ ဖြစ်စေ တပါးသူမှမိမိကိုဖြစ်စေ တိုက်တွန်းနှိုးဆော်ဖို့ မလိုဘဲ ထိုကုသိုလ်ကို ပြုဖို့လိုအပ်ပါတယ်။
တိုက်တွန်းနှိုးဆော်မှုကြောင့် ပြုသောကုသိုလ်ထက် တိုက်တွန်းနှိုးဆော်မှုမပါဘဲ ပြုသောကုသိုလ်က
ပိုမြတ်ပါတယ်။ ထိုကုသိုလ်စိတ်နဲ့ ကုသိုလ်ပြုဖို့ ကျနော်တို့ ကြိုးစားရပါဦးမယ်။
နောက်တခုက ပညာ ဆိုတဲ့အရာဖြစ်ပါတယ်။
အကောင်းအဆိုး အကြောင်း အကျိုးကို ခွဲခြား ဆင်ခြင်နိုင်သော ဉာဏ်ကို ပညာလို့ သတ်မှတ်ကြပါစို့။
ဒါကို အသိပညာလို့ ထပ်မံ ခွဲခြားထားပါမယ်။ အပြစ်ကင်းမှု မကင်းမှု ၊ တရားမှု မတရားမှု ၊တို့ကို အသိဉာဏ်ပညာနဲ့ ချင့်ချိန်ခွဲခြား သိမြင်နိုင်ရပါမယ်။ ဒီအချက်ဟာ အသက်ရှင်နေသမျှကာလပတ်လုံး
အရေးကြီးဆုံး အချက်ဖြစ်ပါလိမ့်မယ်။ဒီအချက် မပြည့်စုံတဲ့ ရှင်သန်ခြင်းဟာ သေခြင်းတမျှပါပဲ။
နောက်တခုက လောကလူတို့ရွာထဲမှာ မိမိလိုအပ်သလို ထုဆစ်ဖို့ အသုံးဝင်တဲ့ အတတ်ပညာဖြစ်ပါတယ်။ဘွဲ့ ဒီဂရီတို့ နဲ့ တိုင်းတာဖို့ အဓိကမဟုတ်ပါဘူး။ အမှန်တကယ် ကျွမ်းကျင်
တတ်မြောက်ဖို့ပဲ အရေးကြီးပါတယ်။ ဒီအတတ်ပညာကို မှန်ကန်စွာ ထိရောက်စွာ အသုံးချဖို့ကတော့
အသိပညာနဲ့ ထိန်းကွပ်ဖို့ လိုအပ်ပြန်ပါတယ်။
နောက်ဆုံးအချက်ဖြစ်တဲ့ ဥစ္စာ ကိုတော့ လူတိုင်းနီးပါး မဖြစ်နေ ရှာဖွေနေကြရပါတယ်။
ဒီလိုရှာဖွေကြရာမှာ အသိပညာ အတတ်ပညာတို့ ကို အသုံးချရပါတယ်။
ကာယဖြင့်ရှာဖွေသည်ဖြစ်စေ ဉာဏဖြင့် ရှာဖွေသည်ဖြစ်စေ ပညာကတော့ ပါဝင်နေပါတယ်။
မှန်ကန်ကောင်းမွန်တဲ့ အသက်မွေးမှု စီးပွါးရှားဖွေမှုဖြစ်ဖို့ အရေးကြီးပါတယ်။
တဖက်မှာလည်း ဒီလို စီးပွါးရှာရာမှာ ပညာကိုအသုံးပြုရင်း ကုသိုလ်အမှုလည်း ပြုတတ်ဖို့ လိုပါတယ်။
တမူးရှိလို့ တပဲလှူ ဆိုတဲ့ စကားရပ်အတိုင်း ဘယ်လက်က ဝင်လာသော ကြွယ်ဝခြင်းတို့ကို
ညာလက်ဖြင့် ပေးကမ်းစွန့်ကြဲတတ်တဲ့ အကျင့်လေး သေရာပါသွားဖို့ သိပ်လိုအပ်ပါတယ်။
မိမိမှာ ဖောသိစွာ သုံးစွဲခြင်းနောက်ဆက်တွဲဖြစ်တဲ့ ပိုလျှံ ပြုန်းတီးမှုတွေ ရှိနေရင် သတိပြုသင့်ပါတယ်။
အခြားတဖက်မှာ ကူကယ်ရာကို ရှာဖွေ မျှော်လင့်နေကြတဲ့ မျိုးနွယ်တူ လူသားတွေ တခြားသော သက်ရှိတွေ လည်းရှိနေပါတယ်။အခုအခြေအနေမှာတော့ ကျနော်တို့ တိုင်းပြည်သည်လည်းပဲ တယောက်ကိုတယောက် ကူကယ်ရာအဖြစ် မှီတည်နေကြရတဲ့ အဖြစ်နဲ့ ကြုံနေရပါတယ်။
လောကသုံးပါးဟာ တခုနဲ့ တခု ချိတ်ဆက်ထားတဲ့ ဂေဟစက်ဝန်းကြီးပါပဲ။
ဒီလိုလောကနဲ့ ချီပြောရတာ လေးပင်လှပါတယ်။ တိုင်းပြည်နဲ့ပဲ ယှဉ်ပြီး စဉ်းစားကြည့်ရအောင်ပါ။
ကိုယ့်ဘာသာ ဆက်ပြီး စဉ်းစားကြဖို့ တောင်းဆိုပါတယ်။ ရလာတဲ့ အသိအမြင်တို့ကို comment
မှာ မျှဝေပေးသွားကြဖို့ ထပ်ပြီးတောင်းဆိုပါရစေ။
အောင်စေဉာဏ်
3 Comments
ပညာ
ReplyDeleteသညာ
သဒ္ဒါရယ် အချင်းချင်း ထိန်းကွပ်ရပါမယ်....လို့
ထင်ပါတယ်
Let's click the best V●ᴥ●V
ReplyDeleteFighting Together
ReplyDelete