AD SPACE

ခေတ်ပညာတတ်ဆိုတာ

ခေတ်ပညာတတ်ဆိုတာ



ကမ္ဘာပြားပြီ ဆိုတဲ့စကားလိုပါပဲ၊ အင်တာနက်နဲ့ နည်းပညာတိုးတက်မှုတွေက ကမ္ဘာကြီးကို ဆွဲချုံ့ပစ်လိုက်တဲ့အခါမှာ ကမ္ဘာကြီးဟာ ပြင်ညီကွင်းကြီး ဖြစ်သွားပါပြီ။ သူကတော့ မြန်မာနိုင်ငံကမို့လို့၊ သူကတော့ ကိုရီးယားကမို့လို့ဆိုတဲ့ ခြွင်းချက်တွေ ထည့်စဉ်းစားတော့မှာ မဟုတ်ပါဘူး။ အားလုံးဟာ တစ်ပြေးညီတည်းပဲ ပြိုင်ဆိုင်ကြရတော့မှာ ဖြစ်ပါတယ်။ ခုလို နိုင်ငံတကာအသိုင်းအဝိုင်းထဲ ပိုဝင်ဆံ့လာတဲ့အချိန်မှာ အခွင့်အလမ်းတွေလည်း များလာမှာ ဖြစ်သလို၊ ပြိုင်ဆိုင်မှုတွေလည်း ပိုပြင်းထန်လာတော့မှာပါ။ ဒါကြောင့် ကျွန်တော်တို့လူငယ်တွေ ပညာတတ်ဖို့ သိပ်အရေးကြီးလာပါတယ်။ ဒီနေ့ခေတ်က သယံဇာတ ဘယ်လောက်ကြွယ်ဝသလဲဆိုတာကို ကြည့်တဲ့ခေတ် မဟုတ်တော့ဘူး။ ပညာတတ် ဘယ်လောက်ရှိသလဲဆိုတာက အဲဒီတိုင်းပြည်ရဲ့အနာဂတ်ကို အဓိက အဆုံးအဖြတ်ပေးသွားမဲ့ ခေတ် ဖြစ်နေပါပြီ။

ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ Knowledge ဆိုတာကို ဗဟုသုတလို့ပဲ မှတ်ခဲ့ကြတာပေါ့။ ခုခေတ်မှာတော့ ပညာလို့ ပြောင်းလဲသုံးနှုံးနေကြပါတယ်။ Knowledge နဲ့ ပတ်သက်ရင် ဖတ်ဖူးတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တစ်ခုကတော့ “Knowledge = Education + Experience” ပါ။ ပညာဆိုတာ အသိပညာနဲ့ အတွေ့အကြုံတို့ကို ပေါင်းစပ်ထားခြင်း ဖြစ်ပါတယ်။ ဒီနှစ်ခုက အပြန်အလှန် ဆက်စပ်ပါတယ်။ အတွေ့အကြုံ မပါတဲ့ အသိဟာ မပြည့်စုံသလို၊ အသိတစ်ခု မယူနိုင်လိုက်ဘူးဆိုလည်း အဲဒီ အတွေ့အကြုံဟာ အလဟဿပါပဲ။



အရင်ဆုံး Education က စပြောချင်ပါတယ်။ ၃ မျိုးရှိပါတယ်၊ Formal လို့ခေါ်တဲ့ ကျောင်းပညာရေးရယ်၊ Informal လို့ခေါ်တဲ့ အမေက သမီးကို ဟင်းချက်နည်းသင်ပေးတာ၊ အဖေက သားကို ကားမောင်းသင်ပေးတာ၊ အဲ့လိုပညာရေးမျိုးရယ်၊ နောက်ဆုံးတစ်ခုကတော့ Non-formal education လို့ခေါ်တဲ့ ကျောင်းပြင်ပ ပညာရေးပေါ့။

ဒီနေရာမှာ တစ်ခုလေး သတိထားစေချင်တာကတော့ ဘီလ်ဂိတ်စ်တို့ စတိဗ်ဂျော့ဘ်စ်တို့ ဇူကာဘတ်တို့ ဘွဲ့မရတာ မှန်တယ်၊ ဒါပေမဲ့ Non formal education မှာ တအားထူးချွန်ခဲ့လို့ ဒီလိုတွေဖြစ်လာတာပါ၊ သူတို့လည်း ဘွဲ့မှ မရတာ ဆိုပြီး အတုယူမမှားစေချင်ဘူး၊ Non-formal education မှာ ကြိုးစားခဲ့တာကိုသာ အတုယူရမှာ ဖြစ်ပါတယ်။ လူငယ်တွေအနေနဲ့ သူများသင်ပေးမှ ရတော့မပေါ့ ဆိုတာမျိုးတွေ မတွေးကြစေချင်တော့ဘူး။ ဆရာဆိုတာ မလိုအပ်တော့ဘူးလို့ ဆိုလိုတာ မဟုတ်ပေမဲ့ ဆရာအပေါ်မှာ လုံးလုံးလျားလျား မှီခိုနေတာမျိုးတွေက ဒီခေတ်မှာ မဖြစ်သင့်တော့ဘူး။ တကယ်တော့ ပညာတတ်တယ် ဆိုတာဟာ ဘွဲ့လက်မှတ်တစ်ခု၊ သင်တန်းဆင်းလက်မှတ်တစ်ခု ရတာထက် အများကြီး ပိုပါတယ်။



စာမတတ်သူ ပပျောက်ရေး ဆိုပြီး တစ်ချိန်က လုပ်ခဲ့ကြပါတယ်။ စာတတ်မြောက်မှုနှုန်း ဘယ်လောက် ဆိုပြီးလည်း ဂုဏ်ယူခဲ့ကြဖူးတယ်။ စာမတတ်သူပပျောက်ပြီးရင် စာမဖတ်သူ ပပျောက်ဖို့ပဲ ကျန်တော့တယ် လို့လည်း ပြောတာကြားဖူးပါတယ်။ မဟုတ်သေးဘူး၊ စာမတတ်သူတွေ မပပျောက်သေးပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ခုခေတ်မှာ နောက်ထပ် Literacy နှစ်ခု ထပ်တိုးလာလို့ပါပဲ။ Global literacy နဲ့ Digital literacy။ နိုင်ငံတကာဘာသာစကား ကျွမ်းကျင်မှုနဲ့ နည်းပညာ အသုံးပြုနိုင်မှု။ ဒီနှစ်ခုလည်း ပိုင်ဆိုင်တော့မှ အဲဒီလူကို စာတတ်တယ်လို့ ခေါ်နိုင်တဲ့ခေတ် ရောက်နေပြီ။

သူများနိုင်ငံတွေမှာ ဘာသာစကားကို နှစ်မျိုး သုံးမျိုးလောက် သင်နေကြတဲ့အချိန်မှာ ကျွန်တော်တို့ကတော့ အင်္ဂလိပ်စာ တစ်မျိုးတည်းတောင် တော်တော်လုပ်နေကြရတုန်းပါ။ ကမ္ဘာသုံး ဘာသာစကားလည်း ဖြစ်တယ်၊ စာတော်တော်များများကို ဒါနဲ့ပဲ ရေးထားတယ်၊ လူတော်တော်များများလည်း ဒါနဲ့ပဲ ဆက်သွယ်ကြ၊ ပြောကြ၊ ဆိုကြတယ်။ ဒီတော့ သူတို့တွေကြားထဲ တိုးချင်ရင် ကျွန်တော်တို့မှာ တခြား ရွေးစရာ မရှိပါဘူး။ အဲဒီဘာသာစကားကို ကျွမ်းကျင်အောင် ကြိုးစားကြရမှာပါပဲ။



အဲဒီ Global literacy အပြင် Digital literacy လည်း တတ်ဖို့ လိုပါတယ်။ ဖုန်းမှာ zapya နဲ့ ဖိုင်လေးတွေ ပေးတတ်ယူတတ်ရုံနဲ့ ကျေနပ်နေလို့ မရပါဘူး။ အစည်းအဝေးတွေမှာ Presentation လုပ်ရင်လည်း ရှိသမျှ စာတွေ ပြွတ်သိပ်ရေးထားတာ၊ power point ကို ကောင်းကောင်း မသုံးတတ်ကြတာ သတိထားမိပါတယ်။ ဝန်ထမ်းခန့်ဖို့ အင်တာဗျူးလုပ်တဲ့အခါ ကွန်ပျူတာသင်တန်း တက်ထားကြောင်းတော့ Certificate ပေါင်းမြောက်များစွာ တင်လာတတ်ကြပါတယ်။ ကွန်ပျူတာကို ရှေ့ထိုးပေးလိုက်ပြီး လုပ်ခိုင်းတော့ Excel တောင် ကောင်းကောင်း မသုံးတတ်ကြပါဘူး။ ကွန်ပျူတာနဲ့ အလှမ်းဝေးလို့၊ ပြန်အသုံးမချဖြစ်လို့ ဆိုတဲ့ အကြောင်းပြချက်တွေကို နားလည်ပေးနိုင်ပေမဲ့ ဒီအကြောင်းပြချက်တွေ ပေးရတာ ကိုယ့်ထက် အဆပေါင်းများစွာ ဆိုးတဲ့ ဘဝပေးအခြေအနေကနေ ကြိုးစားရုန်းကန်ပြီး အောင်မြင်လာကြတဲ့သူတွေကို အားနာစရာတောင် ကောင်းနေပါတယ်။ နားမလည်တာ မဟုတ်ပါဘူး။ ပညာက ကိုယ့်ဆီ မလာရင်လည်း မတတ်နိုင်ဘူး။ ကိုယ်က ပညာဆီ သွားရမှာပါပဲ။

အသိပညာ ပြီးသွားတဲ့အခါမှာ နောက်တစ်ခုက အတွေ့အကြုံ။ အတန်းပညာ ဘယ်လောက်မှမရှိပေမဲ့ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေကတစ်ဆင့် အဆင့်အတန်းတစ်ခုကို ရောက်လာခဲ့တဲ့သူတွေ ကမ္ဘာမှာရော မြန်မာမှာပါ အများကြီးရှိပါသေးတယ်။



အတွေ့အကြုံနဲ့ ပတ်သက်လို့ ပြောရရင်

နံပါတ် ၁ – အတွေ့အကြုံတစ်ခုရဖို့ ပေးဆပ်ရတဲ့ တန်ဖိုးက ကြီးပါတယ်။ ဒါကိုတော့ အတွေ့အကြုံ ရှိတဲ့သူတွေ၊ လူကြီးပိုင်းတွေ သဘောပေါက်ကြမှာပါ။

နံပါတ် ၂ – အတွေ့အကြုံ မရှိရင် ပေးဆပ်ရတဲ့ တန်ဖိုးက ပိုကြီးပါတယ်။ ဒါကြောင့် Comfort zone ထဲမှာ သက်သောင့်သက်သာ နေမနေဘဲ အတွေ့အကြုံသစ်တွေ ရဖို့အတွက် အသစ်အသစ်သော စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့ လိုပါတယ်။ If the driver feels comfort, he is not driving fast enough ပါတဲ့။ တကယ်တော့ အလုပ်ကနေ ရတာ ပိုက်ဆံတစ်ခုတည်း မဟုတ်ပါဘူး။ အတွေ့အကြုံတွေလည်း ပါတယ်၊ အဲဒါတွေကို ကိုယ်ဘယ်လိုရင်ဆိုင်သလဲဆိုတာက ကိုယ့်အရည်အသွေးတွေ ဘယ်လောက်တက်လာသလဲ၊ ကိုယ့်ခံယူချက်တွေ ဘယ်လောက်ပြောင်းလာသလဲဆိုတာကို အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။

တချို့ဆို ဖိအားတွေကို ရင်မဆိုင်ရဲဘူး၊ အခက်အခဲကို ရှောင်ချင်တယ်၊ တတ်နိုင်သမျှ ခပ်အေးအေး နေတယ်၊ သိပ်တာဝန်ယူလေ့ မရှိဘူး၊ အဲဒီအခါ လုပ်သက်ကသာ များလာပေမဲ့ ကြီးကြီးမားမား အတွေ့အကြုံက ရှိမထားဘူး။ ဒါကြောင့် လုပ်သက် နှစ်ဘယ်လောက်များသလဲဆိုတာထက် ဘယ်လောက် အတွေ့အကြုံ ယူနိုင်ခဲ့သလဲ ဆိုတာက ပိုအရေးကြီးပါတယ်။



နံပါတ် ၃ – ရခဲ့ပြီးတဲ့ အတွေ့အကြုံကနေ သင်ခန်းစာ မယူတတ်ရင်တော့ ပေးရတဲ့တန်ဖိုးက အကြီးဆုံးပါပဲ။

သူများကို ပိုက်ဆံလွယ်လွယ် ချေးတတ်လို့ ပြဿနာတွေ ဖြစ်ဖူးခဲ့တယ်၊ ခုရော ဘာလုပ်နေလဲ မေးကြည့်တော့ သူ့ပိုက်ဆံချေးပြီး ပြန်မဆပ်တဲ့ လူတစ်ယောက်နောက် လိုက်နေရသတဲ့။

လောင်းကစားကြောင့် ဘဝပျက်မတတ် ဖြစ်ခဲ့ရတယ်၊ ခု ဘာလုပ်နေလဲဆိုတော့ ချဲတွက်နေတယ်၊ ဘောပွဲ လောင်းနေတယ်။

ပြီးခဲ့တဲ့ လုပ်ငန်းတစ်ခုမှာ ဒီလိုလွဲချော်မှုတွေ ရှိခဲ့တယ်။ ရှိခဲ့မှန်းလည်း သိတယ်၊ မှတ်တမ်းလည်း တင်ထားတယ်။ ဒါပေမဲ့ နောက်ထပ်လုပ်ငန်းတစ်ခု ထပ်လုပ်တော့လည်း အလားတူ လွဲချော်မှုတွေ  ဖြစ်လာပြန်တယ်။ ဆိုလိုတာက မှတ်တမ်းတင်ထားခဲ့တဲ့ သင်ခန်းစာတွေကို ပြန်အသုံးမချနိုင်ဘူး။ Learning organization မဖြစ်ဘူး။

ခုခေတ်မှာ ပြောပြောနေကျ Lesson learnt ဆိုတာ အဲဒါပါပဲ။ သင်ယူလိုက်ရတဲ့ သင်ခန်းစာများပေါ့။ အတွေ့အကြုံဆိုတာ ရှိဖို့လိုသလို၊ အသုံးချနိုင်ဖို့လည်း လိုပါတယ်။



နောက်ပြီး တရုတ်ပညာရှိတစ်ယောက် ပြောဖူးသလို ကျွန်တော်တို့အနေနဲ့ အမှားအားလုံးကို လိုက်လုပ်ဖူးဖို့အတွက် အချိန်မလုံလောက်ပါဘူး။ မီးကို ပူမှန်း သိဖို့ လက်နဲ့ကိုင်ကြည့်စရာ မလိုတော့ဘူး။ ဖေ့စ်ဘွတ်က ကိုယ်မသိတဲ့ လူတစ်ယောက်ကို ယုံမှတ်ပုံအပ်မိလိုက်ရင် ဘဝပျက်တတ်တယ်ဆိုတာသိဖို့ ကိုယ်တိုင်လိုက်လုပ်ကြည့်စရာ မလိုတော့ဘူး။

ကိုယ်ကြုံဖူးမှ သိတဲ့ Lesson learnt အပြင် ကိုယ်မကြုံဖူးသေးပေမဲ့ သူများတွေဆီကတစ်ဆင့်သိတဲ့ သင်ခန်းစာတွေကလည်း အရေးကြီးလာပါတယ်။ အဲဒီသင်ခန်းစာကို အဓိက ရနိုင်တဲ့နေရာကတော့ စာပေပါပဲ။ စာဖတ်ခြင်းကတစ်ဆင့် လူပေါင်းများစွာရဲ့ ဘဝဖြတ်သန်းမှုတွေ၊ အတွေ့အကြုံတွေ၊ အမှားတွေကို လေ့လာလို့ ရပါတယ်။ စာဖတ်နာလာတဲ့အခါ အသက် ၄၀ အရွယ်တွေမှာ ရှိနေတဲ့ ရင့်ကျက်တည်ငြိမ်မှုမျိုးကို အသက်ခပ်ငယ်ငယ်မှာတင် ရနေတတ်ပါတယ်။

လူတစ်ယောက်အောင်မြင်ဖို့ သက်ဆိုင်ရာ ပရော်ဖက်ရှင်နယ်အလုပ်မှာ ကျွမ်းကျင်ရင် ရပြီလား။



အဲဒီမေးခွန်းကို ယေဘုယျဖြေရရင် ဟုတ်ကဲ့ ရပါပြီ။

ဒါပေမဲ့ အဲဒီအရည်အချင်းချင်း တူလာတဲ့အခါမှာဆိုရင်တော့ စာပိုဖတ်တဲ့သူက ခေါင်းတစ်လုံး ပိုသာပါတယ်။ အဆိုတော်၊ ရုပ်ရှင်သရုပ်ဆောင်၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ နောက်ဆုံး သံဃာတော်တွေမှာတောင် စာပိုဖတ်တဲ့သူက (လောကီရေးရာအရ) ပိုအောင်မြင်လေ့ရှိတာ တွေ့ရပါလိမ့်မယ်။ စာဖတ်တဲ့သူက  အမြင်ကျယ်တယ်၊ ဆိုးဆိုးရွားရွား အမှားမျိုးကို မလုပ်တတ်ဘူး၊ စိတ်အထားတတ်တယ်၊ ခံယူချက်မှန်တယ်၊ ပြောတတ်ဆိုတတ်၊ ပေါင်းတတ်သင်းတတ်တယ်၊ အသင်းအဖွဲ့ကို ခေါင်းဆောင်နိုင်တယ်။ စာဖတ်သူတိုင်း မအောင်မြင်ကြဘူးဆိုပေမဲ့ အောင်မြင်သူတိုင်းကတော့ စာဖတ်တဲ့သူတွေ ဖြစ်နေကြတာ ဒါကြောင့်ပဲ ဖြစ်ပါတယ်။

တကယ်တော့ ခေတ်ပညာတတ်ဆိုတာဟာ သက်ဆိုင်ရာအတတ်ပညာ၊ အတွေ့အကြုံနဲ့ ပြင်ပဗဟုသုတတွေကို အချိုးကျကျ ပေါင်းစပ်နိုင်သူကို ခေါ်တာဖြစ်ပါတယ်။



ဒေါက်တာ ဖြိုးသီဟ

၉.၇.၂၀၁၆



Post a Comment

2 Comments

  1. သို့...PDFs & UG

    လွတ်လပ်မှုနှင့်တရားမျှတမှုရဖို့

    အာဏာရှင်လက်ထဲကနေ လူငယ်တွေဟာ နေ့စဉ်

    တန်ဖိုးရှိတဲ့အသက်သွေးတွေရင်းပြီး တိုက်ယူနေကြရတယ်။

    တော်လှန်ရေးခရီးကြမ်း ဆူးခင်းလမ်းကို

    ခံယူချက်တခုတည်းနှင့်လျှောက်လှမ်းနေသူတွေ..

    အများအတွက် အသက်စွန့်ရဲသူတွေ..

    ကြွေသွားခဲ့တဲ့ ကြယ်လေးတွေရော..

    တောက်ပဆဲ ကြယ်လေးတွေရော..

    ခဗျားတို့တွေဟာ ဒီတော်လှန်ရေးမှာ

    အရဲရင့်ဆုံးသူရဲကောင်းတွေပါပဲ..။


    (ပြည်သူ့သူရဲကောင်းများအား လေးစားဦးညွှတ်လျက်)

    ReplyDelete