နှိုင်းယှဉ်ခြင်း လှည့်ကွက်
ပတ်ဝန်းကျင်ကြောင့်ပဲလား၊ ထုံးတမ်းဓလေ့ကြောင့်ပဲလား ကျွန်တော်ဟာ ငယ်စဉ်ကတည်းက နှိုင်းယှဉ်ခံရတာ ရိုးအီနေပါပြီ။ မူလတန်း စ,တက်ကတည်းက သူငယ်ချင်းရဲ့ မိဘတွေနဲ့ အပြိုင် ကျွန်တော့် မိဘတွေက ကျွန်တော့်ကို သူတို့အလိုကျ စီမံရတာ အမော။ သူငယ်ချင်းက စက်ဘီးလေးနဲ့ဆိုရင် ကျွန်တော်လည်း မရမှာ မပူရဘူး။ သူက ကျောင်းဆရာမ ကျူရှင်တက်ရင် ကျွန်တော်လည်း မတက်မနေရပါ။ ကျွန်တော့်လိုအပ်ချက်အတွက် စီစဉ်ပေးခဲ့တာလား၊ လူကြီးအချင်းချင်း ပြိုင်ဆိုင်ချင်လို့ပဲလား။ အသက်ကြီးလာလေလေ ပိုဆိုးလာလေလေပါပဲ။ ဆယ်တန်းမှာဆိုရင် မိဘအချင်းချင်းက အပြိုင်အဆိုင်၊ ဟိုက ဒီကျူရှင်ထားရင် ကိုယ့်ကိုလည်း အဲဒီ ကျူရှင်ထားပေးမယ်ဆိုတဲ့ စိတ်တွေနဲ့။ တက္ကသိုလ် တက်ပြန်ရင်လည်း အသိမိတ်ဆွေတွေရဲ့ သားသမီးတွေ လျှောက်တဲ့ တက္ကသိုလ်ကိုသာ ခေါင်းထဲ ထည့်စဉ်းစားခဲ့တယ်။ ကာယကံရှင်ဖြစ်တဲ့ ကျွန်တော် ဘာတက်ချင်တယ်၊ ဘာလုပ်ချင်တယ်၊ ဘာဖြစ်ချင်တယ် သူတို့မသိဘူး။ သူတို့ သိတာက အသိုင်းအဝိုင်းထဲမှာ နှိုင်းယှဉ်နေရရင် ပြီးရောပဲ။ ကျွန်တော်ကတော့ ဘဝမြေစာပင်ပေါ့။
နှိုင်းယှဉ်ခြင်းကနေ လွတ်မြောက်ပြီလားဆိုရင် အခုထိ မလွတ်သေးဘူးလို့ပဲ ပြောပါရစေ။ ကျောင်းပြီးတော့ ကိုးရီးယားစာကို သင်ပြီး ကိုးရီးယားကို ပညာတော်သင်သွားခဲ့ပါတယ်။ မိဘတွေ ပြောတဲ့ စကားကတော့ ရှင်းရှင်းလေး။ “ငါတို့အသိထဲမှာ အားလုံးက အမေရိကန်တို့၊ ဂျပန်တို့၊ စင်္ကာပူတို့ကို သွားနေတာ မင်းက ဘာဖြစ်လို့ ဂလန်ဂဆန်လုပ်နေတာလဲ” တဲ့။ ရိုင်းမိချင် ရိုင်းနေလိမ့်မယ်။ ကျွန်တော် စကားတစ်ခွန်း ပြန်ပြောလိုက်ပါတယ်။ ကျွန်တော့်အနာဂတ်ဘဝက ကျွန်တော်ကိုယ်တိုင် လျှောက်ရမှာ ဖြစ်တဲ့အတွက် ကျွန်တော့်လမ်းကို ကျွန်တော် ရွေးပိုင်ခွင့် အပြည့်အစုံ ရှိတယ်လို့၊ သူများက ဒါဆိုရင် ကိုယ်လည်း ဒါလိုက်လုပ်စရာမလိုပါဘူးလို့။
လူတိုင်းက ဘဝပေး အခြေအနေတွေ မတူကြပါဘူး။ ဘာသာရေးစကားလုံးကို ယူသုံးရရင် တစ်ယောက်ချင်းဆီမှာ ပါလာတဲ့ အကြောင်းတရားတွေ မတူပါဘူး။ အကျိုးတရားလည်း မတူနိုင်ပါဘူး။ ပန်းတိုင် တစ်ခုတည်းကို လူနှစ်ယောက်က စ,မှတ် အတူတူကနေ ထွက်ခွာတယ်ဆိုပေမယ့် တစ်ယောက်က စည်းစိမ်ဥစ္စာအပြည့်အစုံနဲ့၊ အထောက်အပံ့များစွာနဲ့ စ,ထွက်ပြီး တစ်ယောက်ကတော့ နာမကျန်းဖြစ်နေတဲ့ မိဘကို လုပ်ကျွေးရင်း ဘဝကို ပင်ပန်းစွာ ရုန်းကန်ပြီး ပန်းတိုင်ကို သွားမယ်။ ဒါဆိုရင် နှိုင်းယှဉ်ခြင်းက တရားမျှတပါ့မလား။ သစ်သီးချင်းအတူတူတောင် ပန်းသီးတစ်လုံးနဲ့ လိမ္မော်သီးတစ်လုံးကို ဘယ်ဟာက ပိုကောင်းလဲ ဘယ်လို နှိုင်းယှဉ်ကြမလဲ။ တူညီတာချင်း မဟုတ်သရွေ့တော့ နှိုင်းယှဉ်ခြင်းက ကိုယ့်ကို အကျည်းတန်မှုတွေပဲ ယူဆောင်ပေးလာမှာပါ။ အနှိုင်းခံကို ကြည့်ပြီး သူတို့လို လိုက်လုပ်နိုင်တယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေမယ်ဆိုရင်တော့ ဒီလို စိတ်ကူးဟာ ကိုယ့်တက်လမ်းရဲ့ အတားအဆီးဖြစ်လာမှာပါ။
အဲဒီတော့ ပတ်ဝန်းကျင်ကို ကြည့်ပြီး ကိုယ်ဖြစ်နေတဲ့ ဘဝနဲ့ လိုက်နှိုင်းစရာမလိုဘူး။ စိတ်ပျက်အားငယ်နေစရာလည်း မလိုဘူး။ နှိုင်းယှဉ်ခြင်းထက် အနှစ်သာရ ပိုရှိတာက ယှဉ်ပြိုင်ခြင်းပါပဲ။ ယှဉ်ပြိုင်တဲ့ နေရာမှာလည်း သူတစ်ပါးကို ယှဉ်စရာ မလိုပါဘူး။ မနက်ဖြန်ရဲ့ ကိုယ်ဟာ ဒီနေ့ရဲ့ ကိုယ့်ထက် ပိုသာနေရမယ်ဆိုတဲ့ စိတ်ကို မွေးဖို့ပါ။ ကိုယ်အားကျလေးစားတဲ့ လူတွေ ရှိရင်တောင်မှ သူတို့ဆီက သင်စရာတွေ၊ အတုယူစရာတွေပဲ ယူလို့ရမှာပါ။ သူတို့လို ဖြစ်ချင်လိုက်တာဆိုပြီး နှိုင်းယှဉ်လို့ မရပါဘူး။ ကျွန်တော်တို့ဟာ ရှေ့လျှောက်လည်း ကျွန်တော်တို့ပါပဲလို့ ပြောရင်း…..
ဝင်းနိုင်စိုး
13 Comments
မနက်ဖြန်ရဲ့ကိုယ်ဟာ ဒီနေ့ရဲ့ကိုယ်ထက် ပိုကလစ်နိုင်ရပါမယ်...။
ReplyDeleteမနက်ဖြန်ဆိုတာဘာမှန်းမသိတဲ့ကိုယ်တွေအတွက်ပိုကြိုးစားနေရမယ် လောကနိယာမကလည်းကြောက်ဖို့ကောင်းသကိုဗျ
Deleteဖိုက်တင်း ဖော် မီ
ReplyDeleteEveryday is good day to click ✨
ReplyDeleteနေ့တိုင်း click မယ်နော်
ReplyDeleteI am simply trying to be better than the person I was yesterday.
ReplyDeleteFighting together 💕
ReplyDeleteThat right
ReplyDeleteTrue...
ReplyDeleteLike much more👍👍👍
ReplyDeleteThank you.
ReplyDeleteအရေးအသားကောင်းပါတယ်...
ReplyDeleteIt gives me strength
ReplyDelete