AD SPACE

ပရော်ဖက်ရှင်နယ်တစ်ယောက် ဖြစ်ဖို့ဆိုရင်

ပရော်ဖက်ရှင်နယ်တစ်ယောက် ဖြစ်ဖို့ဆိုရင်

လုပ်ငန်းခွင်မှာ တခြားလူတွေနဲ့ အလုပ်တွေ တွဲလုပ်ရတဲ့အခါ ဘာသတိထားမိလဲဆိုရင် ပရော်ဖက်ရှင်နယ် ပီသတဲ့သူတွေနဲ့ အလုပ်လုပ်ရတာ သိပ်စိတ်ချမ်းသာစရာ ကောင်းတယ် ဆိုတာပဲ။ သူတို့တွေဟာ အင်မတန် ယုံကြည်စိတ်ချရသူတွေ ဖြစ်တယ်။ ပြောထားတဲ့စကား၊ ပေးထားတဲ့ကတိကို တည်တယ်။ ဖြောင့်မတ်တယ်၊ Integrity ရှိတယ်။ သူတို့ကိုယ်သူတို့ တာဝန်ယူတတ်တယ်။ တစ်ဖက်ကို ဖြစ်သင့်တာထက် ပိုပြီး တောင်းဆိုတာမျိုးတွေ မရှိဘူး။ လေးစားမှုထားတယ်။

ဒါဖြင့် ပရော်ဖက်ရှင်နယ်ဆိုတာ ဘာလဲ စဉ်းစားကြည့်ရအောင်။




Professional – A person who does a job that needs special training and a high level of education
ပရော်ဖက်ရှယ်နယ်ဆိုတာ ပညာတစ်ခုကို အထူးပြုလေ့လာသင်ယူပြီး အဲဒါနဲ့ သက်ဆိုင်တဲ့အလုပ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်နေတဲ့သူကို ခေါ်တာပါ။ ဒီလိုပြောလိုက်ရင် ပညာတတ်အသိုင်းအဝိုင်းမှ ပရို ဖြစ်နိုင်တာလား။ ကျွန်တော်ကတော့ ပရော်ဖက်ရှင် ဆိုတာကို အသက်မွေးဝမ်းကျောင်းအလုပ်လို့ပဲ ရိုးရိုးလေး ခံယူထားပြီးတော့ ပရော်ဖက်ရှင်နယ် ဆိုတာက အဲဒီအလုပ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်နေတဲ့သူလို့ မြင်ပါတယ်။ အနှေးယာဉ်မောင်းသူလည်း ပရိုပဲ၊ အဆိုတော်လည်း ပရိုပဲ၊ ပြည့်တန်ဆာလည်း ပရိုပဲ၊ ဆရာဝန်လည်း ပရိုပဲ၊ စစ်သားလည်း ပရိုပါပဲ။
အဲဒီလို ပရိုပီသဖို့ဆိုရင် ဘာတွေလိုအပ်မလဲ။ ဘယ်လိုအချက်တွေရှိရင် ပရိုပီသတယ်လို့ သတ်မှတ်လို့ရမလဲ။ ကျွန်တော့်တစ်ဦးတည်းအမြင်အရတော့ 3 S နဲ့ ပြည့်စုံရင် ပရိုဖြစ်တယ်လို့ သတ်မှတ်ပါတယ်။




ပထမ S – Salary (Paid occupation)
အလုပ်တစ်ခုမှာ ပရော်ဖက်ရှင်နယ်လို့ ပြောနိုင်ဖို့ဆိုရင် အဲဒီအလုပ်ကနေ ကိုယ့်အသက်မွေးနိ်ုင်လောက်တဲ့ လုပ်ခလစာ ရရလိမ့်မယ်။ အဲဒါမှပဲ ကိုယ့်အချိန်၊ ခွန်အား၊ ပညာတွေကို သေသေချာချာ စိ်ုက်ထုတ်နိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ နယ်ပယ်အသီးသီးမှာ ပရော်ဖက်ရှင်နယ်တွေ ရှားပါးနေရခြင်းရဲ့ အဓိကအကြောင်းရင်းဟာ ဒါပါ။ လစာ၊ ဝင်ငွေမလောက်ငှတဲ့အခါ ဒီပညာရပ်ကိုပဲ တစ်စိုက်မတ်မတ် အားမထုတ်နိုင်တော့ဘူး။ ကျင့်ဝတ်တွေ ဖောက်ဖျက်မိလာတယ်။ ငွေနောက်လိုက်မိတတ်တယ်။

နောက်တစ်ခု စဉ်းစားစရာက တချို့လူတွေ အလုပ် ၂ ခု၊ ၃ ခု လုပ်တယ်။ သူတို့ကရော ဘယ်နေရာမှာ ပရော်ဖက်ရှင်နယ် ဖြစ်တာလဲဆိုရင် အဓိကဝင်ငွေရတဲ့ အလုပ်ဟာ သူ့ရဲ့ ပရော်ဖက်ရှင်သာဖြစ်ပါတယ်။ ဥပမာ ဆရာဝန်တစ်ယောက် စာရေးတယ်ဆိုရင် သူ့ရဲ့ ပရော်ဖက်ရှင်အလုပ်ဟာ ဆေးကုတယ်၊ စာရေးတာဟာ အသက်မွေးဝမ်းကျောင်း မဟုတ်ဘူး၊ စာရေးလို့ရတဲ့ ဝင်ငွေကနေ သူ့အသက်မွေးနေတာ မဟုတ်ဘူး။ ဒီအခါ အဲဒီအလုပ်နှစ်ခု ယှဉ်လာရင် ဆေးကုတဲ့အလုပ်ကို ဦးစားပိုပေးရမယ်၊ ဆေးကုတဲ့အလုပ်မှာ တော်သထက် တော်နေအောင် ကြိုးစားရမယ်၊ တာဝန်ယူ တာဝန်ခံရမယ်။ စာရေးတဲ့အလုပ်ကတော့ ဝါသနာအရ လုပ်တာဆို ရေးချင်တဲ့အချိန် ရေး၊ ကောင်းချင်မှလည်း ကောင်းမယ်၊ စာရေးဆရာတစ်ယောက်လို စာရေးခြင်း အတတ်ပညာကို ကျွမ်းချင်မှကျွမ်းမယ်၊ ကိစ္စမရှိဘူး။ ဒီလိုခွဲခြားနိုင်ပါတယ်။ အဲဒီမှာမှ စာရေးတဲ့အလုပ်နဲ့ ပတ်သက်လို့ ငွေကြေးအကျိုးအမြတ် တစ်စုံတစ်ရာ ယူထားတယ်ဆိုရင်တော့ အဲဒါကို တာဝန်ခံပေးရမယ်၊ ဥပမာ စာမူပေးမယ်ပြောထားရင် အချိန်မီပေးရမယ်၊ ကိုယ် စာဖတ်သူကို ချပြလိုက်တဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး တာဝန်ခံရမယ်၊ အချက်အလက် ခိုင်မာရမယ်။ ဒီလိုတော့လည်း ရှိပါတယ်။
တစ်ခါတစ်လေ နယ်ပယ်တစ်ခုမှာ အပျော်တမ်းဝင်လုပ်တဲ့သူက ဒီထဲက တကယ့်ပရိုအစစ်တွေထက် ပိုတော်နေတာ၊ ပိုနာမည်ကျော်နေတာမျိုး ရှိနိုင်ပါတယ်။ တချို့သော ဆရာဝန်များရဲ့ စာအုပ်တွေက တကယ့်စာရေးဆရာစစ်စစ်တွေထက် ပိုပေါက်နေတာမျိုးပေါ့။



ဒါပေမယ့် ကြားဖူးတဲ့စကားလေး ရှိပါတယ်၊ “ဘယ်နယ်ပယ်မဆို အပျော်တမ်းတွေ သိပ်များလာနေပြီ ဆိုရင်တော့ အဲဒီပရော်ဖက်ရှင်နယ်လောကဟာ ကျဆုံးချိန် ရောက်လာပြီလို့ပဲ ဆိုရမှာပါတဲ့။ ဒီအလုပ်နဲ့ အသက်မွေးနေသူတွေက အပျော်တမ်း ဝင်လုပ်သူတွေလောက်တောင် သုံးမရတာလား၊ ဒါမှမဟုတ် အပျော်တမ်းတွေကိုပဲ တအားနေရာပေးနေတာလား။ နှစ်ခုထဲက ဘယ်ဟာဖြစ်ဖြစ် တစ်ခုမှတော့ မကောင်းပါဘူး။

ဒုတိယ S – Skill (Specialized skill or knowledge to meet technical standard)
ဆရာဝန်၊ အင်ဂျင်နီယာ၊ ကားစက်ပြင်ဆရာ၊ အဆိုတော်၊ ယာဉ်မောင်း၊ ပန်းရံဆရာ စသဖြင့် ကိုယ့်သက်ဆိုင်ရာ အလုပ်တွေမှာ ရှိကိုရှိရမယ်လို့ သတ်မှတ်ထားတဲ့ ကျွမ်းကျင်မှုမျိုး ရှိထားဖို့ လိုတယ်။ အဲဒီတော့ ဘွဲ့တစ်ခု ရပြီးရင် ပြီးပြီလားဆို မပြီးပါဘူး။ ပရိုတစ်ယောက်ဖြစ်ဖို့ Lifelong learning ဟာ သိပ်အရေးကြီးတယ်။ အမြဲမပြတ် လေ့လာနေဖို့ဟာ မလုပ်မဖြစ်ပါပဲ။ ဆရာဝန်တစ်ယောက်ဟာ ဆေးပညာကို အမြဲမပြတ် လေ့လာနေရမယ်။ စာရေးဆရာက စာအုပ်တွေဖတ်ရမယ်၊ ပတ်ဝန်းကျင်ကို လေ့လာနေရမယ်။ ဒါကြောင့်မို့ ပရော်ဖက်ရှင်နယ် ပီသတဲ့သူဆိုတာ သူ့အလုပ်မှာ ကျွမ်းကျင်သထက် ကျွမ်းကျင်အောင် လုပ်တဲ့သူ၊ အထူးချွန်ဆုံး မဟုတ်တောင် သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းကို မီအောင်တော့ အားထုတ်တဲ့သူမျိုးကို ခေါ်တာဖြစ်ပါတယ်။




နောက်ဆုံး S ကတော့ – Self-control (To meet ethical standard)
ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းနိုင်စွမ်းပဲ။ ဒီအပိုင်းက ကျွန်တော်တို့ဆီက ပရော်ဖက်ရှင်နယ်တွေမှာ အလိုအပ်ဆုံးအပိုင်းလို့လည်း ပြောလို့ရပါတယ်။
ထိန်းသိမ်းမယ်ဆိုတော့ ဘာတွေကို ထိန်းသိမ်းရမှာလဲ။ ၃ချက် ထပ်ပြောချင်ပါတယ်။
ပထမအချက် – စိတ်ခံစားချက်တွေကို ထိန်းသိမ်းရပါမယ်။ အဆိုတော်ဖြစ်လာရင် အသံကို ထိခိုက်စေမယ့် အစားအသောက်တွေ ဘယ်လောက်စားချင်စားချင်၊ ရှောင်ရမယ်။ ကိုယ်က ဝန်ဆောင်မှုပေးသူ ဖြစ်နေရင် ကိုယ့်မှာ ဘယ်လောက်ပဲ စိတ်ညစ်စရာတွေ ရှိနေရှိနေ၊ Customer ကို အချိုသာဆုံး ဆက်ဆံနိုင်ရမယ်။ တစ်ဖက်က ဒေါသနဲ့ Complain လုပ်နေဦးတော့၊ စိတ်ကို အတည်ငြိမ်ဆုံး ထားပြီး တုံ့ပြန်ပြောဆိုနိုင်ရမယ်။ ကိုယ်က ဆရာဝန်ဖြစ်နေရင် ကိုယ်အမုန်းဆုံးလူတစ်ယောက် သေခါနီးဆဲဆဲ အခြေအနေနဲ့ ကိုယ့်ဆီရောက်လာတဲ့အခါ အကောင်းဆုံးကုသမှုတွေ ပေးနိုင်ရပါမယ်။




နောက်တစ်ခု – အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ ခွဲခြားရပါမယ်။
ဒီအပိုင်းက ပြောမယ်ဆို ပြောစရာတွေအများကြီးရှိတယ်။ အိမ်က ခံစားချက်တွေ အလုပ်ကို သယ်လာတာ၊ ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခုခုကြောင့် အလုပ်ကို အမြဲနောက်ကျနေတာ၊ အလုပ်မှာ စွမ်းဆောင်ရည်ထက် ကိုယ့်အကြိုက် ဘယ်လောက်သိလဲ၊ ကိုယ်ခိုင်းတာ ဘယ်လောက်လုပ်ပေးသလဲ ဆိုတာနဲ့ အကဲဖြတ် အမှတ်ပေးနေတာ၊ ဒါတွေဟာ ပရိုမပီသတဲ့ အပြုအမူများပါပဲ။
နောက်ဆုံးတစ်ခု၊ ပရိုပီသချင်တယ်ဆိုရင် ရသင့်ရထိုက်တာထက် ပိုပြီး မယူမိအောင် ထိန်းသိမ်းနိ်ုင်ဖို့ လိုပါတယ်။ အလုပ်မှာ ကိုယ်က သူ့အထက်က ဖြစ်နေတယ်ဆိုတာဟာ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ အလုပ်တွေ သူ့ခေါ်ခိုင်းလို့ ရတယ်ဆိုတဲ့ အဓိပ္ပါယ် မဟုတ်ပါဘူး။ အစက သဘောတူထားတာ ဒါတွေ၊ ဒါတွေလုပ်ပေးဖို့ပဲ ပါတယ်၊ နောက်တော့ ဟိုဟာလေး လုပ်ပေးပါဦး၊ ဒါလေး Request လုပ်တာပါ စသဖြင့် ဖြစ်လာတယ်။ နောက် မယူသင့် မယူထိုက်တဲ့ ခံစားခွင့်တွေကို ရှောင်ဖို့ပေါ့။ မီဒီယာသမားတွေဟာ အဖွဲ့အစည်းတခုခုဆီက တံစိုးလက်ဆောင် ယူခွင့်မရှိပါဘူး၊ ရေးသားဖော်ပြမှုတွေ ဘက်လိုက်မိမှာကို ကာကွယ်တဲ့အနေနဲ့ပါ။ စီးပွါးရေးလုပ်ငန်းတွေဟာ ကိုယ့်ကုန်ပစ္စည်း ရောင်းရရင် ပြီးရော ဖြစ်ချင်ရာဖြစ် သဘောမျိုး မလုပ်သင့်ပါဘူး။ အစိုးရ အဖွဲ့အစည်းတွေအနေနဲ့လည်း လက်သင့်ရာ စားတော်ခေါ် လုပ်လို့ မရပါဘူး။



ပြောရရင်တော့ ဘယ်လောက်ကျွမ်းကျင်မှု ရှိနေပါစေ၊ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းနိုင်စွမ်းမရှိရင် ပရော်ဖက်ရှင်နယ်ကောင်းတစ်ယောက် ဖြစ်လာမှာ မဟုတ်သလို၊ အောင်မြင်မှုကို ရေရှည် ထိန်းသိမ်းထားနိုင်ဖို့လည်း ခက်ပါတယ်။
ပရိုပီသဖို့ဟာ သိပ်အရေးကြီးပါတယ်။ ခန္ဓာကိုယ်ဖွဲ့စည်းပုံ၊ ကျွမ်းကျင်မှုပါရမီ၊ စတဲ့အချက်တွေမှာ ပြောရလောက်အောင် ကောင်းမနေတဲ့ ဒေးဗစ်ဘက်ခမ်း ဘာလို့ ဒီလိုအဆင့်အတန်းထိ ရောက်နိုင်ခဲ့သလဲ။ အဓိကကတော့ ပရိုပီသမှုကြောင့်ပါပဲ။ တခြားဥပမာတွေလည်း အများကြီး ရှိပါသေးတယ်။ ရာထူးမြင့်မြင့်တွေ မပြောနဲ့၊ နောက်ဆုံးကုန်ကုန်ပြောရရင် ပြည့်တန်ဆာတောင်မှ ပရိုပီသတဲ့ ပြည့်တန်ဆာက ဧည့်သည်ပိုရပါတယ်။ သူများထက် ခေါင်းတစ်လုံး ပိုသာပါတယ်။
တစ်ချက်လောက် ပြန်စဉ်းစားကြည့်ပါ။ ပရိုမပီသတဲ့ ဆရာနဲ့ စာသင်ဖူးလား၊ ပရိုမပီသတဲ့ ဆရာဝန်နဲ့ ဆေးကုဖူးလား၊ ပရိုမပီသတဲ့ ဝပ်ရှော့ဆရာဆီမှာ ကားပြင်ဖူးလား၊ ပရိုမပီသတဲ့ ဘော့စ်တစ်ယောက်ယောက်ရဲ့ လက်အောက်မှာ အလုပ်လုပ်ဖူးလား၊ ပရိုမပီသတဲ့ အစိုးရနဲ့ရော ကြုံဖူးလား။ သိပ်စိတ်ညစ်စရာ ကောင်းတာ သတိထားမိပါလိမ့်မယ်။

ခင်မင်ရတဲ့ ညီငယ်တစ်ယောက်က ရေဒီယိုအင်တာဗျူးတစ်ခုမှာ ဖြေပါတယ်။ ငယ်သေးတဲ့အချိန်မှာ ငွေစုတာထက် ယုံကြည်မှု စုတာ ပိုကောင်းပါတယ် တဲ့။

ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ပရော်ဖက်ရှင်နယ် ပီသအောင် ကြိုးစားပါ။ အဲဒီအခါမှာ ကိုယ်နဲ့ အလုပ်တွဲလုပ်ရတဲ့သူတိုင်းဆီက ဒီလူဟာ ယုံကြည်စိတ်ချရတဲ့သူ၊ သူနဲ့တွဲလုပ်ရတာ သိပ်စိတ်ချမ်းသာရတယ် ဆိုတဲ့ တုံ့ပြန်မှုမျိုး ရလာပါလိမ့်မယ်။ အဲဒီအခြေအနေဟာ ကိုယ့် career မှာ ရှေ့ကို အဝေးကြီး ဆက်လျှောက်လို့ ရတဲ့ လမ်းမကြီးတစ်ခုကို ခင်းနိုင်လိုက်တာနဲ့ အတူတူပါပဲ။




ဒေါက်တာ ဖြိုးသီဟ
၁၆.၁၂.၂၀၁၇



Post a Comment

2 Comments

  1. ခေတ်အဆက်ဆက်မှာ

    လူငယ်တွေဟာ တာဝန်ကျေခဲ့ကြတယ်။

    ဒီနွေဦးတော်လှန်ရေးမှာလဲ

    လူငယ်တွေဟာနေ့စဉ် တန်ဖိုးရှိတဲ့အသက်တွေပေးရင်း

    နောက်မျိုးဆက်အတွက် ရယူပေးခဲ့တယ်..

    *သွေးနှင့်ရင်းတဲ့ အနာဂတ်နိုင်ငံတော် ..။

    *တန်ဖိုးကြီးတဲ့ အနာဂတ်နိုင်ငံတော် ..။

    ReplyDelete
  2. If you don't want repentance just click.

    ReplyDelete