ဒီရေ
(ဖတ်ရှုရန်ကြာချိန် : ၄ မိနစ်ခွဲခန့်)
ကဲ…ဒီရေအကြောင်း လူတိုင်းလိုလို အသိလွဲနေတာလေးကို ရှင်းပြမယ်ဗျားးး
ဒီရေမှာ “တက်တယ်၊ ကျတယ်” ဆိုတာမျိုး ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။
ဘာ..!
ဟုတ်ပါတယ်၊ ဒီရေက ပုံမှန်အတိုင်းပဲ ရှိနေတဲ့ ရေမျက်နှာပြင်တစ်ခုပါ။ ဘယ်လိုလဲဆိုတော့… ကမ္ဘာ့မျက်နှာပြင် အပြင်ဖက် တစ်ဖက်တစ်ချက်စီကို ကြွတက်နေတဲ့ ရေထုဆိုပါတော့ဗျာ။ အဲ့လို ဖောင်းထွက်နေရခြင်းရဲ့ တရားခံ၊ လက်သည်ကတော့… ဘယ်သူရှိမလဲဗျာ… ကျွန်တော်တို့ရဲ့ နေနဲ့ လ ပေါ့။ အဲ့ကောင် ၂ ကောင် ဟိုဖက်ဒီဖက် ညှပ်ဆွဲထားတဲ့ ဆွဲငင်အား (Gravity) ကြောင့် ကမ္ဘာ့ရေမျက်နှာပြင်ဟာ ကြွတက်လာရတာပါ။
ကျွန်တော်တို့ ကမ္ဘာကြီး သူ့ဟာသူ လည်နေတာ (Self-Rotation) က အဲ့ကြွတက်နေတဲ့ ရေထုကြီး အတွင်းမှာဆိုပါတော့။ အဲ့မယ်ဇာတ်လမ်း စ,တာပဲဗျ။ ကမ္ဘာကြီး လည်နေရင်း ကြွနေတဲ့ ရေမျက်နှင်ပြင်ဖက် ရောက်ရင် “ဒီရေ တက်တယ်” ၊ မကြွတဲ့ သာမန်ရေမျက်နှာပြင်ဖက် ရောက်သွားရင် “ဒီရေ ကျတယ်” ပေါ့ဗျာ။ ဘာလို့ဆို အဲ့လိုပြောတာက ပြောရလွယ်၊ မှတ်ရလွယ်တာကိုးဗျ။ အဲ့လိုမပြောဘဲ ကိုယ့်လူတို့ပဲ ဒီလို အစမ်း ပြောကြည့်စမ်းပါဦး… “ဟာ..ဒီရက်က ရေထုကြွတဲ့ဖက် ရောက်မယ့် ရက်ဟေ့”၊ “ဒီနေ့ကတော့ သာမန်ရေထုဖက် ရောက်မယ့်ရက်ဟေ့” ။ တွေ့တယ်နော… ပြောရတာ တော်တော်ကို ကို့ရို့ကားရားနိုင်တယ်။ “ဒီရေ တက်တယ်၊ ကျတယ်” ဆို ပြီးပြီ၊ ရှင်းရှင်းလေးပဲ။ ရေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ပုံမှန်သုံးနေကျ စကားတွေကလည်း “တက်တယ်” နဲ့ “ကျတယ်” ပဲ ရှိတာကိုးဗျ။
ကမ္ဘာ့ရေထုကို နေနှင့် လမှ ဆွဲငင်ထားပုံ
လူတော်တော်များများ မှတ်ယူထားကြတာကတော့ ဒီရေတက်ရခြင်း အကြောင်းအရင်းက “လ” ကြောင့်လို့ပဲ မှတ်ကြတာပါ။ အဲ့တာ မှားတယ်ရယ်လို့လည်း မဟုတ်ပါဘူး။ ဒီရေတက်ရခြင်း အကြောင်းအရင်းရဲ့ ၃ ပုံ ၂ ပုံက လ ဆွဲငင်အားကြောင့် ဖြစ်ရတာကိုး။ နေကလည်း ၃ ပုံ ၂ ပုံ ဒါမှမဟုတ် ၄ ပုံ ၃ ပုံ (အကွာအဝေးပေါ် မူတည်လို့ပေါ့) ပါတယ်ဗျ။ နေကြောင့်ဖြစ်တဲ့ ဒီရေလည်း ရှိတယ်ဗျ။ နောက်တစ်ချက်က လ,ကြောင့်ဖြစ်တဲ့ ဒီရေက လ ဘယ်လိုပုံစံဖြစ်နေဖြစ်နေ တူတူပဲဗျ။ တချို့တွေ ပြောကြတာ ကြားဖူးကြပါလိမ့်မယ် “လပြည့်နေ့မှာ တက်တဲ့ ဒီရေက ပိုမြင့်တယ်” ဆိုတာမျိုးလေ။ အဲ့အချက်က မမှန်ပါဘူးခင်ဗျာ။ လ ဘယ်လိုပုံစံပဲ ဖြစ်နေနေ ဒီလှိုူင်းအမြင့်က တူတူပါပဲ။ ကိုယ့်လူတို့ပဲ တွေးကြည့်လေ၊ “လပြည့်၊ လခြမ်း၊ လကွယ်” ဆိုတာ ကမ္ဘာကနေ မြင်ရတဲ့အပေါ်မူတည်ပြီး ကွာတာလေ။ တစ်ကယ့်အပြင်မှာ ကမ္ဘာကို ပတ်နေတဲ့ လကြီး အပြည့်ဖြစ်လိုက်၊ တစ်ခြမ်းဖြစ်လိုက်၊ ပျောက်သွားလိုက် ဖြစ်နေတာမှ မဟုတ်တာဘဲ နော..။ အဲ့ဒီတော့ လရဲ့ ဆွဲငင်အားက တသမတ်တည်း ပါပဲခင်ဗျာ။
ဒီနေရာမှာ တချို့မေးချင်တဲ့သူတွေ ရှိကြဦးမှာပါ။ “လပြည့်နေ့မှာ ဒီရေလှိုင်း ပိုမြင့်တာ အဟုတ်ပဲလေ၊ ဘာလို့တူတူပဲ ပြောနေရတာလဲ” ဆိုပြီး စောဒက တက်ချင်ကြမှာပါ။ အဲ့ဒီအတွက် အဖြေရှိပြီးသားပါခင်ဗျ။ ခုနက အပေါ်တစ်ပိုဒ်မှာ “နေကြောင့်ဖြစ်တဲ့ ဒီရေ” ဆိုပြီး ကျွန်တော် ပြောခဲ့တယ်လေ။ ဟုတ်ပါတယ်၊ လပြည့်နေ့မှာ ဒီရေလှိုင်း ပိုမြင့်ရခြင်းအကြောင်းက နေ ဆွဲအား ကြောင့်ပါ။ လပြည့်နေ့မှာ ရှိနေမယ့် ပုံစံက “နေ၊ ကမ္ဘာ၊ လ” တစ်တန်းတည်းပါ။ အဲ့ဒီအခြေအနေမှာ ဆွဲငင်အား ၂ ခု တစ်ပြိုင်နက်တည်း ဆွဲတဲ့အတွက်ကြောင့် ဒီရေလှိုင်း ပိုမြင့်သွားရတာပါ။
နေ၊ ကမ္ဘာ၊ လ တစ်တန်းတည်းဖြစ်၍ ဆွဲငင်အား ၂ ဆကြောင့် ရေထု ပိုကြွတက်လာပုံ
“ဟုတ်ပြီလေ၊ အဲ့တာဆို ဒီရေလှိုင်း အနိမ့်ဆုံးဖြစ်တဲ့ ရက်ကျတော့ရော…ဘယ်လိုရှင်းမတုန်း” လို့လည်း မေးလာနိုင်ပါတယ်။ အဲ့အတွက်လည်း အဖြေရှိပါတယ်ခင်ဗျ။ “နေ၊ ကမ္ဘာ၊ လ” ၃ ယောက်သား ထောင့်မှန် (၉၀ °) ပုံစံနဲ့ ဖြစ်နေတဲ့အချိန်မှာ နေနဲ့ လရဲ့ ဆွဲငင်အားတွေက သူတို့ရှိနေတဲ့ ထောင့်မှန်ပုံစံအတိုင်း ဆွဲမှာဖြစ်တဲ့အတွက် ဆွဲငင်အား ၂ ခု မျှခြေနီးပါးဖြစ်ပြီး ဒီရေတက်ပေမယ့် အနိမ့်ဆုံး ဒီရေပဲ ဖြစ်ပါလိမ့်မယ်ခင်ဗျာ။ ဆိုတော့ကာ… ဒီရေတက်ခြင်း၊ ကျခြင်းရဲ့ နောက်ကွယ်က လက်မည်းကြီးကတော့ “လ” မဟုတ်ဘဲ “နေ” ဖြစ်ပါတယ်ခင်ဗျား။
နေနှင့် လ ၉၀° အနေအထားဖြင့် ဆွဲငင်၍ ရေထုမျှခြေဖြစ်ပြီး အနိမ့်ဆုံးဒီရေ ဖြစ်သွားပုံ
နောက်တစ်ချက်ပြောရမယ်ဆိုရင် ကမ္ဘာကြီးရဲ့ လနဲ့ပိုနီးတဲ့ အခြမ်းက ကျန်တစ်ဖက်ထက် လရဲ့ဆွဲငင်အားကို ပိုခံရပါတယ်။ ဒါကတော့ နိယာမပါပဲ။ ဘယ်အရာပဲဖြစ်ဖြစ် အနီးကပ်ဖြစ်လေ ဆွဲငင်အား ကောင်းလေပါပဲ (ကျွန်တော်ပြောတာ အတည်ယူပြီး ခရက်ရှ်နား တသီသီကပ်ပေမယ့် အငြင်းခံရရင်တော့ ကျွန်တော်နဲ့ မဆိုင်ဘူးနော်..) ။ အဲ့လို တစ်ဖက်နဲ့တစ်ဖက် သက်ရောက်တဲ့ ဆွဲငင်အား မတူတာကြောင့် ဆွဲဆန့်ခံရသလို ဖြစ်သွားပါတယ်။ အဲ့ဒီဆွဲဆန့်ခံရတာမှာ ကမ္ဘာကြီးရဲ့ မြေထုဖြစ်တဲ့ကောင်အတွက် ဘာမှမဖြစ်ပေမယ့် အရည်ဖြစ်တဲ့ ရေထုကြီးကတော့ လရဲ့ ဆွဲငင်အားလမ်းကြောင်းအတိုင်း ကြွတက်သွားပါတယ်။ ဒါဟာ စစချင်းတုန်းက ပြောခဲ့သလို ပုံမှန်ရှိနေမယ့် ကြွတက်နေတဲ့ ဒီရေပါ။ အဲ့တာကိုမှ ထပ်တိုးအနေနဲ့ နေက သူ့ရဲ့ဆွဲငင်အားနဲ့ ဝင်ရှုပ်တော့မှသာ “ဒီရေ တက်တာ၊ ကျတာ” တွေ ဖြစ်ပါတယ်။
နောက် ပြောစရာရှိမှာကတော့ လရဲ့ဆွဲငင်အားက အရည်တွေပေါ် သက်ရောက်တယ်ဆိုရင် လူတွေအပေါ်ရော မသက်ရောက်ဘူးလားပေါ့။ လူတွေရဲ့ ခန္ဒာကိုယ်ကလည်း အရည်ပါဝင်နှုန်း များတာကိုး။ တွေးလည်း တွေးချင်စရာပါ။ ဒါပေမယ့် လရဲ့ ဆွဲငင်အား လူတွေအပေါ် သက်ရောက်မှု အထူးတလည် မရှိပါဘူးခင်ဗျာ။ “ဟာ… လကြီးကို ဝိုင်းစက်နေတာပဲ၊ လဆွဲအားကြောင့်ထင်တယ်၊ ကြည့်ရင်း ငါ့စိတ်တွေတောင် မရိုးမရွဖြစ်လာပြီ” ဆိုရင်တော့ အဲ့တာ ရွှီးတာပါပဲခင်ဗျာ။ သူ့ဟာသူ မရိုးမရွဖြစ်တာ လကို သွားတံဆိပ်ကပ်တာပါပဲ။
ဒီရေရဲ့တာဝန်ဟာ တက်တာ၊ ကျတာတင် မဟုတ်ဘဲ နောက်တစ်မျိုး ရှိပါသေးတယ်။ အဲ့တာကတော့ ကမ္ဘာကြီးရဲ့ လည်ပတ်နှုန်းကို နှေးအောင်လုပ်တာပါပဲ။ အားလုံးသိတဲ့အတိုင်း ကျွန်တော်တို့ ကမ္ဘာကြီးကလည်း ဆွဲငင်အားရှိတာပဲလေ။ မဟုတ်လို့ကတော့ ကျွန်တော်တို့အကုန်လုံး လွင့်မြောနေကြမှာပေါ့ နော..။ ကမ္ဘာက တစ်ရက်ကို တစ်ပတ်လည်တယ်။ ကမ္ဘာ့ဆွဲအားကြောင့် အဲ့လည်တဲ့အတိုင်း ကမ္ဘာ့ရေထုပါ ပါမယ်။ လက ကမ္ဘာကို ပတ်တာ တစ်လဆို တစ်ပတ်ပြည့်တယ်။ အဲ့လိုပတ်နေရင်း ကမ္ဘာ့ရေထုကို ဆွဲထားမယ်။ အဲ့ဒီမှာ ပြဿနာ စ,တာပဲ။ ကမ္ဘာရဲ့ လည်ပတ်နှုန်းက လ,ထက် ပိုမြန်တာကြောင့် ရေထုက လနဲ့တစ်တန်းတည်း မဖြစ်တော့ဘူး။ အဲ့ဒီမှာ လ,က သူနဲ့အညီဖြစ်အောင် ရေထုကို လှမ်းဆွဲမယ်။ ပြောရရင် ကျွန်တော်တို့ ကမ္ဘာကြီးလည်နေတာနဲ့ ဆန့်ကျင်ဖက်ကို ဆွဲသလို ဖြစ်သွားမယ်ပေါ့။ အဲ့ဒီမှာ ကမ္ဘာကြီး လည်ပတ်တဲ့အရှိန် လျော့သွားတာပဲ။ အဲ့လို လည်ပတ်ရှိန်လျော့တဲ့အတွက် နေ့တာဟာ ပိုရှည်သွားမယ် (ဒီအကြောင်းကို တစ်ပို့စ်သပ်သပ်ရေးပြီး ရှင်းပြပါ့မယ်ခင်ဗျာ) ။ လ,ကလည်း ရှိနေခဲ့တာ ကြာပြီဆိုတော့… ဟိုးအရင်အချိန်တွေကထက်စာရင် ကမ္ဘာကြီးရဲ့ လည်ပတ်နှုန်းဟာ နှေးနှေးလိုက်နေပါပြီ။
C2D
ကိုးကား ; StarTalk Podcast by Neil deGrasse Tyson
2 Comments
Thanks for your knowledge 😍
ReplyDeleteLike..much more from spaces👍👍👍
ReplyDelete